Red Wine ၏ကျန်းမာရေးကို အကျိုးပြုပုံများ။

Standard

“Red Wine ၏ကျန်းမာရေးကို အကျိုးပြုပုံများ။”

 ဝိုင်နီ (Red Wine) သည် ဥရောပစပျစ်မျိုးဖြစ်သော ခရမ်းရင့်ရောင်ရှိ စပျစ်သီးအမယ်စုံကို ကစော်ဖေါက်ထားပြီး အယ်ကိုဟော ပါဝင်သော ယမကာ တမျိုးဖြစ်သည်။ ကစော်ဖေါက်ရာတွင် ခရမ်းရောင် စပျစ်သီး၏ အခွံ၊ အသား၊အနှစ်တို့ အားလုံးကို အသုံးပြုသည်။ ကစော်ဖေါက်စဉ်အတွင်း တမူထူးခြားသော အရောင်ရရှိရန်အတွက် စပျစ်သီး၏ အရေခွံသည် အလွန်အရေးပါသည်။ ဝိုင်နီ၏ အရောင်သည် ခရမ်းရောင်၊ ခရမ်းရောင်ရင့်၊ အနီရောင်၊ အညိုရောင်နှင့် အပြာရောင်သမ်းသော အရောင်များစသည်ဖြင့် အမျိုးမျိုးရှိကြသည်။

လွန်ခဲ့သော ဘီစီ၆၀၀ ကတည်းက ဂျော်ဂျီယာနှင့် အီရန်နယ်မြေများမှ ဝိုင်နီကိုစတင်ခဲ့ပြီး ရှေးပဝေသဏီ အီဂျစ်လူမျိုးများ၊ ဂရိလူမျိုးများ၊ ရောမလူမျိုးများနှင့် ရှေးဘေဘီလုံလူမျိုးများ နှစ်ခြိုက်စွာ သောက်သုံးခဲ့ကြသည်။ ဝိုင်နီဟာ ကျန်းမာရေးကို လွန်စွာ အထောက်အကူပြုတယ်ဆိုတာကတော့ ဝိုင်နီချစ်သူများအတွက် အလွန်ကောင်းမွန်တဲ့ သတင်းပါပဲ။ ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူဖြစ်တယ်ဆိုတာ ကျနော်တို့လေ့လာကြည့်လိုက်ရအောင်ပါ။ 

နှလုံးကျန်းမာရေးအတွက် ဝိုင်နီလောက် ကောင်းတာမရှိလို့ဆိုပါတယ်။ ဝိုင်နီတွင် ပါဝင်သော အန်တီအောက်ဆီဒင့် (Antioxidant) သည် နှလုံးရောဂါနှင့်ဆိုင်သော ပြသနာများအားလုံး၊ လေဖြတ်ခြင်းနှင့် မကောင်းသော HDL ကိုလက်စရော ကိုသိသာစွာ လျှော့ချပေးနိုင်ခြင်း၊ ကောင်းသောကိုလက်စရော ပမာဏကိုမြှင့်တင်ပေးနိုင်ခြင်း စသည်တို့ကို စွမ်းဆောင်ပေးပါတယ်။ Polyphenol လို့ခေါ်တဲ့ ဝိုင်နီအတွင်မှာပါဝင်တဲ့ အန်တီအောက်ဆီဒင့်သည် နှလုံးသွေးကြောကျဉ်းခြင်းကို ကာကွယ်ပေးသည်။ သွေးခဲခြင်းကို ကာကွယ်ပေးသော Reservatrol ဟုခေါ်သော နှလုံးကျန်းမာရေး အထောက်အကူပြုသော အရာလည်းပါဝင်သည်။ ပြင်သစ်လူမျိုးများသည် သူတို့စားသုံးနေသော အစားအစားများတွင် ကျန်းမာရေးနှင့် မသင့်တော်သော ပြည်ဝဆီများ စားသုံးလျှက်နှင့်ပင် နှလုံးရောဂါဖြစ်ပွားမှု အလွန်နိမ့်သည် ကိုစောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့ရာ ဝိုင်နီကို နေ့စဉ်သောက်သုံးခြင်းဖြင့် နှလုံးဆိုင်ရာ ရောဂါများမှ ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ 

ယောင်ရမ်းခြင်းများကို ဝိုင်နီသောက်ခြင်းဖြင့် မည်သို့အကျိုးသက်ရောက်သည်ကို သုတေသနပြုလုပ်ခဲ့ရာတွင် နှလုံးရောဂါများနှင့် အဆစ်ရောင်ခြင်းများကို ထိန်းချုပ်ပေးနိုင်သည်ကို တွေ့ရှိရသည်။

များစွာသောလေ့လာမှုများနှင့် သုတေသနပြုလုပ်ခြင်းများမှ ဝိုင်နီသည် ကင်ဆာရောဂါကို ကာကွယ်ပေးသည်ကို တွေ့ရှိရသည်။ အထူးသဖြင့် ရင်သားကင်ဆာ (Breast Cancer)၊ ယောက်ကျားများတွင် အဖြစ်များသော သုတ်ရည်ဂလင်းကင်ဆာ (Prostate Cancer) တို့ကို ကာကွယ်ပေးပါသည်။ အမျိုးသားများအနေနှင့် တပတ်လျှင် ဝိုင်နီကို ၄ခွက်သောက်သုံးပေးခြင်းဖြင့် သုတ်ရည် ဂလင်းကင်ဆာကို ၅၀% လျှော့ချပေးနိုင်ပြီး အဆုတ်ကင်ဆာကို ၁၂% လျှော့ချပေးနိုင်သည်။ ဒီနေရာမှာ အထူးသတိပြုစရာကတော့ “တန်ဆေးလွန်ဘေး” ဆိုသလို သောက်သုံးသင့်သော ပမာဏထက်ကျော်လွန်၍ အလွန်အကျွံ သောက်သုံးပါက ထိုကင်ဆာကို ကာကွယ်ပေးနိုင်သော ဒြပ်ပစ္စည်းများသည် ကိုယ်တိုင်က ကင်ဆာကို ပြန်လည်အားပေးသော ဒြပ်အဖြစ်သို့ ပြောင်းသွားတတ်သဖြင့် “ ပေါ့စေလို၍ ဆေးထိုးကမှ ဆေးအတွက်လေး” ဆိုသည့်အဖြစ်မျိုး မရောက်စေရန် သတိပြုသင့်ပါသည်။ ထို့ကြောင့် ကျန်းမာရေးအတွက် လိုအပ်သော ပမာဏသာ ချင့်ချိန် သောက်သုံးရန် အလွန်အရေးကြီးသည်။ 

အလွန်အကျွံ သောက်သုံးခြင်းမပြုပဲ ကျန်းမာရေးအတွက် ချင့်ချင့်ချိန်ချိန် သောက်သုံးပါက ကျန်းမာရေးအတွက် အလွန်အကျိုးများသည့် အားလျှော်စွာ ဦနှောက်ကျန်းမာရေးကိုပါ အထောက်အကူပေးသည်ကို တွေ့ရှိရသည်။ Polyphenol ကွန်ပေါင်း ကြွယ်ဝစာပါဝင်သဖြင့် ဦးနှောက်အတွင်းပိုင်းရှိ ဆဲလ်များအခြင်းခြင်းဆက်သွယ်ရာတွင် အနှောက်အယှက်ဖြစ်စေမည့် ချေးတက်ခြင်း၊ အနည်ကျခြင်းများကို အံ့သြဖွယ်ရာကောင်းလောက်အောင် ကာကွယ်ပေးသည်။ အာရုံကြောများ ယို့ယွင်းပျက်ဆီးခြင်းကိုလဲ လျှော့ချပေးသည်။ 

မလာတိုနင် (Melatonin) ဟုခေါ်ဆိုသော ဟော်မုန်း တစ်မျိုးပါဝင်မှုကြောင့် ခန္ဓာကိုယ် အပန်းပြေစေသည်။ ထိုအရာသည် အိပ်စက်ခြင်း စသော သဘာဝကိစ္စများကို သူ့အလိုလိုထိန်းကျောင်းပေးသည့် အစွမ်းသတ္တိကြောင့် အိပ်ယာဝင်ခါနီး တငုံစာမျှ သောက်သုံးခြင်းဖြင့် အေးချမ်းနှစ်ခြိုက်စွာ အိပ်ပျှော်စေနိုင်သည်။ 

အချုပ်အားဖြင့်ဆိုရသော် ဝိုင်နီသည် ဘဝတစ်ခုလုံး ပြီးပြည့်စုံ ထာဝရရှင်သန်အောင် မစွမ်းဆောင်နိုင်သော်လည်း လူသက်တမ်းစေ့နေနိုင်ခြင်းထက် ကျော်လွန်အသက်ရှင်နေထိုင်ရန် အထောက်အပံ့ပေးနိုင်သော အရာတခုဖြစ်ပါသည်။ 

ဝင်းလှိုင်ဦး

ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ

Leave a comment